ဧရာဝတီအကြောင်း စာပေဟောပြောပွဲ (စင်္ကာပူ)

(၁)
၂၆.၁၁.၂၀၁၁ ရက်နေ့က ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများ (စင်ကာပူ) မှ စီစဉ်ကျင်းပခဲ့သည့် စာပေဟောပြောပွဲကို ကဗျာဆရာမ အမအိန္ဒြာ၏ ဖိတ်ကြားမှုနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ရင်း သွားရောက်နားထောင် ဖြစ်ခဲ့ပါတယ်။

ပရိတ်သတ်

ဟောပြောပွဲသို့ ကြွရောက်လာကြသော ပရိတ်သတ်များ

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာအော်ပီကျယ်၊ ဆရာဒီဇိုင်း မြင့်မောင်ကျော်၊ ဆရာ ဒေါက်တာထွန်းလွင်(မိုးဇလ) တို့ လာရောက်ဟောပြောကြပါတယ်။ စာပေဟောပြောပွဲကို ၊ Lavender MRT အနီးက Foochow Building မှာ နေ့လည် ၂နာရီကနေ ညနေ ၈နာရီခွဲအထိ ကျင်းပခဲ့ပါတယ်။

(၂)
ပထမပိုင်းမစခင်မှာ ကချင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့ကနေ ကချင်အကနဲ့ ကပြဖျော်ဖြေဧည့်ခံခဲ့ပါတယ်။

ကချင်အက

ကချင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့မှ ကချင်အကဖြင့်ဧည့်ခံဖျော်ဖြေနေစဉ်

အဲဒီနောက် ဆရာ အော်ပီကျယ်က ကူ၍တွန်းပေးပါ ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်ဟောပြောပါတယ်။ ဆရာက ကာတွန်းဆရာမို့ ကာတွန်းလေးတွေနဲ့တကွ ဧရာဝတီအကြောင်းကို စိတ်ဝင်စားဖွယ် ဟောပြောသွားခဲ့ပါတယ်။
ဆရာဟောခဲ့တဲ့အထဲမှာ ပွင့်၊ လင်း၊ မြင် သာမှုနဲ့ ပတ်သက်ပြီး ..

ပြည်သူတိုင်းသည် အခု ဒီမိုကရေစီနိုင်ငံမှာ .. သတင်းတွေကို သိခွင့်ရှိတယ်။ ကျနော်တို့ သတင်းတွေကို မသိရရင်လည်း မေးပိုင်ခွင့်ရှိတယ်။ သူတို့သတင်းတွေကို သူတို့ ဆုံးဖြတ်တဲ့အခါမှာလည်း အဲဒီဆုံးဖြတ်ချက်ကို မကြိုက်ရင် ကန့်ကွက်ပိုင်ခွင့် ကျနော်တို့ အားလုံးမှာရှိတယ်။

ဆိုတဲ့ စကားလေးကို သဘောကျမိပါတယ်။
ဧရာဝတီနဲ့ ပတ်သက်ပြီး လတ်လောဖြစ်ပျက်နေရတဲ့ ပြဿနာတွေကို ကာတွန်းဆရာတစ်ဦးဖြစ်တဲ့ ဆရာက ပရိတ်သတ်တွေအား ထောင့်တမျိုး၊ အမြင်တမျိုးကနေ တွေးတတ်အောင်၊ စဉ်းစားတတ်အောင် ဟောပြောခဲ့တာဖြင့် အလွန်ပဲသဘောကျမိပါတယ်။ ဆရာရဲ့ သရော်ကွက်တချို့ နဲ့ တင်ပြချက် ကာတွန်းလေးတွေကလည်း ထိထိမိမိရှိလှပါတယ်။

အော်ပီကျယ်
ဆရာအော်ပီကျယ်မှ ကူ၍တွန်းပေးပါ ခေါင်းစဉ်ဖြင့် ဟောပြောနေပုံ

(၃)
ဆရာမြင့်မောင်ကျော်(ဒီဇိုင်း)က ဧရာဝတီရဲ့ ၀ိညာဉ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။ ဆရာက ဧရာဝတီရဲ့အခြေအနေကို ဓါတ်ပုံတွေကို ဆလိုက်ရှိုးနဲ့တကွ ဧရာဝတီရဲ့ မျက်မြင်သက်သေတစ်ယောက်အနေနဲ့ ဟောပြောတင်ပြသွားပါတယ်။ ဆရာရဲ့ ဧရာဝတီကို ရိုက်ထားတဲ့ ဓါတ်ပုံတွေနဲ့ ဟောပြောချက်တွေက ကျနော့် ရင်ကိုထိခိုက်လှုပ်ရှားစေခဲ့ပါတယ်။

ငှက်ပျောသီးတွေပေါတဲ့ မြင်းမူကို အညာဆန် သင်္ဘောကြီးတွေဆိုက်တဲ့ ဓါတ်ပုံကအစ ရန္ဒပိုစာချုပ် ချုပ်စဉ်က ရန္ဒပိုကျောက်တိုင်၊ မြစ်ထဲက စစ်ကိုင်း တံတားကြီးရဲ့ ဓါတ်ပုံတွေအကြောင်း၊ အထက်အောက် ဆန်နေတဲ့ အညာဆန်သင်္ဘောကြီးတွေအကြောင်း၊ ဧရာဝတီရဲ့ အင်မတန်ချစ်စရာကောင်းတဲ့ မြင်ကွင်းတွေ ကျနော်လေ.. ဧရာဝတီကို ပိုချစ်တတ်လာခဲ့တယ်။

ဧရာဝတီရဲ့ ရေစီးရေလာ၊ ဧရာဝတီလင်းပိုင်တွေ၊ ဧရာဝတီငါးမျိုးစိတ်တွေ၊ ဧရာဝတီကိုမှီခို သွားလာနေကြရဲ့ သင်္ဘောကြီးတွေ၊ ဧရာဝတီကို အားကိုးအားထားပြုနေရတဲ့ လူတွေအကြောင်း၊ ဆိပ်ကမ်းတွေအကြောင်း၊ သောင်တွေအကြောင်း၊ သစ်တွေအကြောင်း ဆရာရဲ့ ဟောပြောချက်တွေက photo essay လေးတစ်ပုဒ်သဖွယ် သိပ်နားထောင်လို့ကောင်းတယ်…။ ဧရာဝတီရဲ့ ယိုယွင်းပြောင်းလဲလာပုံတွေ၊ ထိန်းသိမ်း စောင့်ရှောက်ရမယ့်တာဝန်တွေ၊ ဖြစ်လာမယ့်အကျိုးအပြစ်တွေ၊ ရလာမယ့် ပြသနာတွေ၊ မြစ်ဆုံဆည်ရဲ့ ဆက်စပ်ပုံအကြောင်းအရာတွေကို အကျိုးနဲ့အကြောင်း ပြည့်ပြည့်စုံစုံ တင်ပြဟောပြောခဲ့တာ ကျနော်တို့အတွက် မှတ်သားစရာတွေအပြင် စဉ်းစားစရာတွေ အပြည့်နဲ့ပေါ့။

တောပင်ကို တော်တော်ခုတ်ကြပေါ့
တောပြုတ်လိမ့်နောက်နောင်
တောခုတ်လို့ တောပြောင်
မိုးခေါင်တော့မှာပဲ
မိုးခေါင်လို့ ရေမကြွယ်ရင်
သဲပင်လယ် ဖြစ်လိမ့်မလွဲ
………..
အဲဒီ သဲပင်လယ်ကျမှ ဆရာဇော်ဂျီကို ပြန်ရှာကြမှာလား ခင်…
………..
ဆရာဇော်ဂျီခင်ဗျား..
ပုဂံကဗျာတွေဟာ … ဧရာဝတီ ဆိုတာ
အခုမှ ခင့်ကိုပြောပြလိုက်ရတယ်..
ကောင်းမှုတော်နဲ့ ပုထိုးတော်ကြီးဟာ
တစ်နည်းအားဖြင့် ဧရာဝတီဆိုတာ
အခုမှ တွေးမြင်ကြည့်မိတာ…
ဆရာဇော်ဂျီခင်ဗျား…
ဗေဒါဟာ… ဗေဒါလမ်းမှာ
နာဂစ်လို မုန်တိုင်းမျိုးကိုတောင် ကျော်လွှားခဲ့ရပြီးပါပြီ။
ကျွန်တော်သာလျှင်…
သဲထဲရေသွန် ဖြစ်ရတော့မယ့် အခြေအနေပါ..
ပင်လယ်ရေ မခန်းသေးသ၍.. ဘယ်နေ့ .. ဘယ်မှာ…
ဘယ်နှစ်ခါ… သွားချည် ပြန်လှည့် လုပ်နိုင်ဦးမလဲဆိုတာ…
ရေတစ်စက်ရဲ့ သံသရာ……။
(ဆရာမြင့်မောင်ကျော်ရဲ့ ရေတစ်စက်ရဲ့သံသရာ စာအုပ်မှ)

ဒီဇိုင်း မြင့်မောင်ကျော်

ဆရာ ဒီဇိုင်းမြင့်မောင်ကျော် ဧရာဝတီရဲ့ ၀ိညာဉ်ဆိုတဲ့ ခေါင်းစဉ်ဖြင့် ဟောပြောနေပုံ


(၄)
ပထမပိုင်းနားချိန်မှာ ပရိတ်သတ်တွေကို ဒန်ပေါက်ဖြင့် ကျွေးမွေးဧည့်ခံရင်း ဆရာမြင့်မိုးအောင်ရဲ့ သက်ရှိမြစ် သီချင်းအက်ဆေးလေးကို ဖွင့်ထားပေးခဲ့ပါတယ်။ ကိုလေးဖြူရဲ့ သက်ရှိမြစ်သီချင်းနဲ့ ဇော်ဝင်းထွဋ်ရဲ့ မျှော်လင့်ချက်ကမ်းခြေ သီချင်းလေးတွေ အပါအ၀င်ပေါ့။

အမှန်တရားကို ထိန်းသိမ်းစောင့်ရှောက်သူတွေ အများကြီးကို တွေ့ရှိခဲ့ဖူးသလို၊ အမှန်တရားကို ချိုးဖောက်ဖျက်စီးသူတွေ အများကြီးကို တွေ့ခဲ့ရတာ ဧရာဝတီပါ။ သူပြောပြမယ့် ပုံပြင်ဇာတ်လမ်းတွေထဲမှာ ဂုဏ်ယူစရာတွေရှိသလို၊ သင်ခန်းစာယူစရာတွေလဲ တွေ့ ကြရမှာပါ။ နားထောင်တတ်မယ်ဆိုရင် သူ့ရဲ့ စကားပြောသံတွေ သူ့ရဲ့ ရေစီးသံတွေ ကြားနိုင်မှာပါ။ ကြည့်မြင်နိုင်မယ်ဆိုရင် သူ့ရဲ့ ရေပြင်မှာ အတိတ်ရဲ့ ပုံရိပ်တွေကို တွေ့မြင်နိုင်မှာပါ။
(မြင့်မိုးအောင် – သက်ရှိမြစ် သီချင်းအက်ဆေးမှ)

(၅)
ဒုတိယပိုင်းမှာ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) က ကျနော်နှင့် ကျနော်၏မြစ်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပါတယ်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ အလှည့်မှာတော့ ဆရာက ကဗျာလေးတွေရွတ်ပြီး ဟောပြောပါတယ်။ ကဗျာဆရာဖြစ်တဲ့ဆရာက ကဗျာတွေကို ကိုယ်တိုင်ခံစားပြီး ရွတ်ပြသွားတာ နားထောင်လို့တအားကောင်းပါတယ်။

မောင်စိန်ဝင်း(ပုတီးကုန်း)

မောင်စိန်ဝင်း(ပုတီးကုန်း) ဟောပြောနေစဉ်

ရသသမားတစ်ယောက်အနေနဲ့ ကျနော်ကတော့ နှလုံးသားနဲ့ ခံစားမိလို့ ရွတ်တာ ရင်ချင်း ဂျက်ပင်ဆက်ပြီး ပြောတာဆိုတဲ့ ဆရာဟာ ကဗျာလေးတွေနဲ့ ရှင်းကာလင်းကာ ဟောပြောပြသွားပါတယ်။

မြစ်ကော

မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလန်းရပေမည်။
ရေဝေတောတွေ စိုင်းစို့စို့
မှိုင်းညို့ညို့ မှုန်ရီ။
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာသွေးဟေ့..။
တစ်တောလုံးပြောင်၊
တစ်တောင်လုံးလင်း၊
မြစ်ကျဉ်းကာ တောင်တွေပေါ်တော့…
နောင်အရှည်မမျှော်
မြန်မာပျော်အောင်လို့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား…
စိုးကြောက်ဖွယ် အပျက်သဘောနဲ့
မြစ်ကောမယ့်နေ့။

ဆရာမောင်စိန်ဝင်းရဲ့ သူရွတ်ခဲ့တဲ့ မြစ်ကောဆိုတဲ့ ကဗျာလေးပါ။

(၆)
နောက်ဆုံးပိုင်းကတော့ မိုးလေ၀သနှင့် ဇလဗေဒမှ ဒေါက်တာဦးထွန်းလွင် ဖြစ်ပါတယ်။ ဆရာဦးထွန်းလွင်ကတော့ ရာသီဥတုပြောင်းလဲလာမှုတွေနဲ့ မြစ်ဆုံရေကာတာကြောင့် သဘာဝပတ်ဝန်းကျင်ရေးရာ ထိခိုက်လာနိုင်မှုတွေကို အချက်အလက်နဲ့တကွ ထောက်ပြ ဟောပြသွားခဲ့ပါတယ်။

ဒေါက်တာထွန်းလွင်

ဒေါက်တာထွန်းလွင်(မိုးဇလ) မှ ဟောပြောနေစဉ်

ဆရာရဲ့ ပထမဦးဆုံး ပြည်ပဟောပြောပွဲလို့ ပြောပါတယ်။ သူ့ကိုယ်သူ ကျော်ကျော်ဗိုလ် လိုပြောပြီး စင်ပေါ်တက်လာခဲ့တဲ့ ဆရာဟာ အသောအဟောလေးတွေနဲ့ စင်အောက်က ပရိတ်သတ်တွေကို တ၀ါးဝါးတဟားဟား သဘောကျစေခဲ့သလို အချက်အလက်နဲ့တကွ ဆရာ့ဟောပြောမှုတွေအပေါ်မှာ စိတ်ဝင်တစားရှိနေကြတာကိုလည်း တွေ့ရပါတယ်။

ဆရာက တရုတ်ရဲ့ ရေကာတာကြီးတွေကြောင့် ရရှိလာတဲ့ တရုတ်ပြည်ရဲ့ အကျိုးဆက် ယန်စီမြစ်ကောလာမှု ကိုပြောပါတယ်။ ဒါကြောင့် တရုတ်ပြည်ရဲ့ မြစ်ကြီးတွေမှာ Dam တွေဆောက်တာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေနဲ့ သူတို့ပြည်သူတွေက ဆန့်ကျင်ခဲ့တယ်။

ကျွန်တော့်ကို ငယ်ငယ်တုန်းကအမေဆုံးမခဲ့ဘူးပါတယ်။ အိမ်နီးချင်းကလေးတွေ အရိုက်ခံနေရတာမြင်ရင် ကိုယ့်အိမ်က ကလေးတွေ လိမ္မာရမယ်တဲ့… ။ ကျွန်တော်တို့အိမ်က အသိဥာဏ် မကြွယ်ဝသေးတဲ့ ကလေးတွေ ပတ်ဝန်းကျင်ရေးရာ အသိဥာဏ်မကြွယ်တဲ့ လူကြီးတွေ အမြန်ဆုံးလိမ်မာနိုင်ကြပါစေ…။

မြန်မာနိုင်ငံမှာ ငလျင်အလှုပ်ဆုံးဒေသက မြစ်ဆုံဒေသပဲဖြစ်ပါတယ်။ ဒီလိုဒေသမျိုးမှာ ရေကာကြီးတွေ ဆည်ကြီးတွေဆောက်ခြင်းဟာ အန္တရာယ် အလွန်ကြီးတယ်လို့ ဆိုပါတယ်။ ဆင့်ကဲဆင့်ကဲဖြစ်စဉ်တွေ ဆက်စပ်တွေးခေါ်မှုတွေနဲ့အတူ နှစ်ပေါင်းများစွာ အခြေခံတဲ့ ဆရာရဲ့အတွေ့အကြုံတွေနဲ့ ဟောပြောချက်တွေဟာ အလွန်ပဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ နေ့လည် ၂နာရီကနေ ညနေ၈နာရီခွဲအထိဆိုပေမယ့် အဲဒီညက အတော်မိုးချုပ်မှ ပြီးခဲ့ပါတယ်။ ကျနော်က ညနေပိုင်းနားချိန်တုန်းက ဆရာအောပီကျယ်၊ ဆရာ ဒီဇိုင်းမြင့်မောင်ကျော်တို့နဲ့အတူ အမှတ်တရဓါတ်ပုံတွဲရိုက်ခဲ့ပါတယ်။ ဆရာတို့ရဲ့ အမှတ်တရ လက်မှတ်လေးတွေက ကျနော့်ဘ၀အတွက်တော့ တန်ဖိုးထား သိမ်းဆည်းရမယ့် အရာလေးတွေပဲပေါ့။

(၇)

ဟောပြောပွဲကအပြန် ညပိုင်း အိမ်ပြန်ရောက်တော့ ကဗျာတစ်ပုဒ်ရွတ်ဖြစ်တယ်။
ပိတောက်ပွင့်သစ်မဂ္ဂဇင်းထဲက ဆရာနိုင်မွန်အောင်သွင် ၏ သူရဲကောင်းတို့ရဲ့ သီချင်း ဆိုသော ကဗျာလေး…။

သူရဲကောင်းတို့ရဲ့ သီချင်း

နေ့ချင်းညချင်း ထုရိုက်ပုံသွင်း
အပေါ်ယံကျောတင်းနေတဲ့ ခပ်တိမ်တိမ်မြစ်တစ်စင်းမဟုတ်
ရာဇင်ဝင်သွေးနဲ့ သမိုင်းကိုရေးခြစ်
နှစ်ပေါင်းရာထောင်ချီ ရင်ခုန်သံသံစဉ်ညီ
နှစ်ပေါင်းရာထောင်ချီ ရင်ခုန်သံသံစဉ်ညီ
မုန်တိုင်းပင်လယ်ထဲ ချီတက်ဆဲ

အမေရေ…
ကျွန်တော် မစ္စစပီကို မလွမ်းပါ
မြစ်ဝါကိုမတမ်းတပါ
ရွှေထီးရွှေကြငှာန်းနဲ့
ရွှေသင်္ကန်းကို ပုခုံးထမ်းရင်း
ခေတ်အဆက်ဆက် လှိုင်းကြမ်းများကို ဖြတ်သန်းရင်း
အမေရေ
ကျွန်တော်က ကျွန်တော်တို့ရဲ့
သန့်ရှင်းစွာ ခိုင်မာစွာ စီးဆင်းသော
သူရဲကောင်းတို့ရဲ့ သီချင်းကိုမှ
အပြင်းအထန်ပြန်တောင်းနေမိတာပါ။
နိုင်မွန်အောင်သွင်

ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့ နှလုံးသားပါ။

ဆောင်းချမ်းမိုး

Comment