အခန်း(၄)
အပြုအမူကောင်းတို့အတွက် ရည်မှန်းချက်
မြင့်မြတ်တဲ့ စိတ်ဆန္ဒ၊ မြင့်မြတ်တဲ့ ရည်မှန်းချက် ရှိခြင်းဟာ အကျင့်စရိုက်ကောင်းရှိဖို့၊ အကျင့်သီလကောင်းရှိဖို့ အထောက်အကူအများကြီးပေးတယ်လို့ ဆိုနိုင်ပါတယ်။
ပုဂ္ဂိုလ်တစ်ဦးက မြင့်မြတ်တဲ့ရည်မှန်းချက်ရှိခြင်းဟာ အကျင့်စရိုက်ကောင်း ဖြစ်ပေါ်လာဖို့အတွက် အခြေခံဖြစ်တယ်။ ဒါကြောင့် လူငယ်လူရွယ်တွေကို အကျင့်စရိုက်ကောင်းရှိကြပါလို့ ပြောနေမယ့်အစား မြင့်မြတ်တဲ့ ရည်မှန်းချက်ဆိုတာဟာ ဘယ်လိုရည်မှန်းချက်မျိုးဖြစ်တယ်။ ဒီလိုရည်မှန်းချက်မျိုးကို ရောက်အောင် ဘယ်လိုပြင်းပြတဲ့ဆန္ဒ ရှိသင့်တယ်ဆိုတာ ညွှန်ပြပေးဖို့လဲ လိုတယ်တဲ့။
အောက်တန်းကျတဲ့ စိတ်ဆန္ဒတွေရှိရင် အောက်တန်းကျတဲ့ အပြုအမူတွေ၊ အလုပ်တွေကိုလုပ်မှာပဲ။ ခိုးစားမယ်လို့ ရည်ရွယ်ထားရင် ခိုးမယ်၊ သူခိုးဖြစ်မယ်ပေါ့။ အချောင်ခိုမယ်၊ ရေသာခိုနေမယ်ဆိုတဲ့ စိတ်ထားရင် အချောင်ခိုမှာပဲ။ ရေသာခိုနေမိမှာပဲတဲ့။
အချောင်ခိုချင်စိတ်၊ ရေသာခိုချင်တဲ့စိတ်တွေနဲ့ ဟိုတစ်ယောက်ကအချောင်ခို၊ ဟိုတစ်ယောက်က ဒါလောက်ကလေးတော့ မဖြစ်လောက်ပါဘူးဆိုပြီး အများပိုင်ပစ္စည်းတွေကို မသိမသာ အသုံးပြုမိ၊ ဟိုတစ်ယောက်က အဂတိလိုက်စားနဲ့ လုပ်မိကြရင် ဒီလိုလုပ်သူတွေ များလာတဲ့အခါ လူအဖွဲ့အစည်း တစ်ခုလုံး ပျက်စီးသွားနိုင်တာပဲ။
ဒီနေရာမှာ တိုက်တပ်စ် Titus ဆိုတဲ့ ပုဂ္ဂိုလ်ပြောတဲ့စကားတစ်ခုကို အမှတ်ရပါတယ်။ သူက “ရောမအင်ပါယာကြီး လျှောကျ ပျက်စီးရတာဟာ အစာရေစာ ခေါင်းပါးချို့တဲ့လို့လဲ မဟုတ်ဘူး။ ပြင်ပကရန်သူတွေ ၀င်ရောက်တိုက်ခိုက်လို့လဲ မဟုတ်ဘူး၊ (တကယ်အကြောင်းအရင်းက) ပြည်သူပြည်သားတွေ အကျင့်စာရိတ္တ ပျက်စီးသွားကြလို့ပဲ” တဲ့။
အများအားဖြင့်ကတော့ အကျင့်စရိုက်ကောင်းရှိသူဖြစ်ချင်မိကြတာပါပဲ။ ငါဟာအကျင့်စရိုက်ကောင်းသူ ဖြစ်အောင်နေမယ်လို့ ဆုံးဖြတ်တော့ထားတာပဲ။ ဒါပေမယ့် စိတ်ဆန္ဒတွေက မပြင်းထန်တော့ အကျင့်စာရိတ္တ ပျက်ပြားစရာ အခြေအနေတစ်မျိုးမျိုးနဲ့ ကြုံတဲ့အခါ ပျက်ပြားသွားပြန်တာပဲ။ မပြည့်စုံသူကလဲ ပြည်စုံချင်တာကြောင့် အကျင့်ဖောက်ပြားတယ်။ ပြည့်စုံသူကလဲ ပိုပြီးပြည့်စုံချင်တာကြောင့် အကျင့်ဖောက်ပြားမိတာပဲ။
တစ်ခါတုန်းက ဂင်္ဂါမြစ်ဘေးက ကျောက်ဖျာပေါ်မှာနေတဲ့ သစ်ကျုတ် (ကျားသစ်) တစ်ကောင်ရှိတယ်တဲ့။ တစ်နေ့တော့ မမျှော်လင့်ဘဲ ဂင်္ဂါမြစ်ရေတွေ ရုတ်ခြည်း လျှံလာတယ်။ မြစ်ရေက ဒီသစ်ကျုတ်နေတဲ့ ကျောက်ဖျာဝိုင်းကိုပတ်မိသည်အထိ လျှံတက်လာတယ်။ ဒီအခါမှာ သစ်ကျုတ်ကတွေးတယ်။ “ငါ့မှာ အစာထွက်ရှာဖို့ လမ်းလဲမရှိတော့ဘူး။ ငါ့တော့ ငတ်ပြီး သေတော့မှာပဲ။ ရေတွေထဲဖြစ်ပြီး အစာရှာထွက်လဲ ငါသေမှာပဲ။ ဒီတော့ ..သေမယ့် အတူတူ ဥပုသ်စောင့်ရင်းသေတာကမှ အကျိုးရှိဦးမယ်” လို့တွေးပြီး ဥပုသ်စောင့်ရင်း ကျောက်ဖျာပေါ်မှာ အိပ်နေတယ်တဲ့။
သူအိပ်နေတုန်း သူ့အနီးအနားမှာ အသံကြားလို့ ခေါင်းထောင်ကြည့်လိုက်တော့ .. သူနဲ့မနီးမဝေးမှာ ဆိတ်တစ်ကောင်ကို မြင်ရတယ်။ ဒီတော့ သစ်ကျုတ်က ဓအင်း နောက်နေ့မှ ဥပုသ်စောင့်တာပေါ့။ ဒီနေ့တော့ ဆိတ်ကိုသတ်ပြီး ဆိတ်သားစားလိုက်ဦးမယ်” လို့ ကြံပြီး ဆိတ်ကိုလိုက်ဖမ်းတယ်။ ဒါပေမယ့် ဆိတ်က အရှောင်အတိမ်း အပြေးအလွှားကောင်းတော့ ဘယ်လိုမှ ဖမ်းလို့မရဘူး။ ဆိတ်ဟာ မကြာခင်မှာပဲ သူ့မျက်စိအောက်ကပျောက်သွားတယ်။ ဒီအခါမှာ သစ်ကျုတ်ဟာ သူအိပ်တဲ့နေရာ ပြန်လာပြီး “အင်း .. ငါ့မှာ ဥပုသ်သီလမှမပျက်သေးဘဲ ဆက်ပြီးစောင့်လိုက်ဦးမယ်” ဆိုပြီး ပြန်အိပ်သွားတယ်တဲ့။
ပြင်းထန်တဲ့ဆန္ဒနဲ့ မြင့်မြတ်တဲ့ ရည်မှန်းချက်တွေ မရှိတဲ့အခါ လူဟာ မကောင်းတဲ့ အပြုအမူတွေကို ရှောင်ပြီး ကောင်းတဲ့ အပြုအမူတွေကို ရှောင်ပြီး ကောင်းတဲ့အပြုအမူတွေကို ပြုဖို့ မလွယ်လှဘူး။ ဖောက်ပြန် ချင်ရင်လဲ မဖောက်ပြန်အောင် “တောင့်” မခံနိုင်ပြန်ဘူး။ ရုရှားစကားပုံတစ်ခုရှိတယ်။ “ငွေက စကားပြောလာတဲ့အခါ အမှန်တရားဟာ ဆိတ်ငြိမ်နေတယ်” When money speaks, the truth is silent. တဲ့။ သဘောတရားအရ အသိဥာဏ် ဆင်ခြင်ဥာဏ် Reason and Intellect တွေက ဤသို့ပြုမူခြင်းကကောင်းတယ်၊ ထိုသို့ပြုမူခြင်းကတော့ မကောင်းဘူးလို့ ခွဲခြားသိတတ်ပါရဲ့။ တခြားတစ်ပါးသူတွေရဲ့ အပြုအမူတွေကိုလဲ ဘယ်ဟာကမှားတယ်၊ ဘယ်ဟာကတော့ မှန်တယ်လို့ ပြောတတ်ပါရဲ့။ ဒါပေမယ့် တကယ်မက်မောလောက်တဲ့၊ လိုချင်လောက်တဲ့ငွေကြေး လာဘ်လာဘတွေရဲ့ ဆွဲဆောင်မှုကို ကိုယ်တိုင်ကြုံလာတဲ့အခါ ဘာမှ အမှားအမှန် မပြောတော့ဘဲ ဆိတ်ဆိတ်ငြိမ်ငြိမ်လက်ခံလိုက်မိလိုက်တာပဲ။ ဒါဟာ ဘာကြောင်လဲဆိုတော့ “မမှန်တာတော့မလုပ်ဘူး” လို့ စိတ်က တောင့်မခံနိုင်တော့လို့ပဲ။ လူမှာ မြင့်မြတ်တဲ့ ရည်မှန်းချက်နဲ့ ပြင်းထန်တဲ့ဆန္ဒ၊ ခိုင်ခံ့တဲ့စိတ်ဓာတ်မရှိတဲ့အခါမှာ ဆန္ဒာ၊ ဒေါသာ၊ ဘယာ၊ မောဟာ အစရှိတဲ့ အဂတိတရားတွေကို လိုက်စားမိနိုင်တာပဲ။
မြင့်မြတ်တဲ့ဘ၀မျိုးကိုရဖို့ရောက်ဖို့ ချမှတ်ထားတဲ့ရည်မှန်းချက်တွေ ဆန္ဒတွေအားနည်းလို့ .. အို ဒါလောက်ကလေးတော့ လုပ်လိုက်ဦးမယ်ဆိုပြီး မဟုတ်တာကလေးတွေကို တစ်စတစ်စ နည်းနည်း နည်းနည်းပြုလုပ်မိရာက နောင်ကြာလာတဲ့အခါမှာ ဖျောက်ဖျက်မရတဲ့ အကျင့်စရိုက်ဆိုးကြီးတွေအဖြစ် လူမှာဖွဲ့စည်းမိသွားတာပဲ။ တစ်ခါနှစ်ခါလောက်နဲ့တော့ ကိစ္စမရှိပါဘူး ဆိုပြီး တစ်စတစ်စအရက်သောက်ရာက အကြိမ်များလာတဲ့အခါ သွေးသားတွေကပါ ကြိုက်တတ်တဲ့ အကျင့် ရလာပြီး အရက်မသောက်ရမနေနိုင်တဲ့ အကျင့်ရသွားတာမျိုးပဲ။ တရားဥပဒေနဲ့ မညီတဲ့အလုပ်မျိုးကို အို..ဒါလောက်ကလေးတွေနဲ့တော့ မဖြစ်လောက်ပါဘူးဆိုပြီး တစ်စတစ်စလုပ်မိရာက ပိုပိုဇက်ရဲလက်ရဲဖြစ်လာပြီး တရားဥပဒေနဲ့ ဆန့်ကျင်တဲ့ ကြီးကျယ်တဲ့မသမာမှုကြီးတွေ၊ မကောင်းမှုကြီးတွေကို လုပ်မိခြင်းမျိုးတွေလဲ ဖြစ်လာနိုင်တာပဲ။ “ကြီးကျယ်တဲ့ မကောင်းမှုကြီးဟာ အနည်းငယ် အနည်းငယ် မကောင်းတာလေးတွေ စုပေါင်းမိရာက မကောင်းမှု ဒုစရိုက်ကြီး ဖြစ်ပေါ်လာတာပဲ” Great evil has small beginnings ဆိုတဲ့ စကားအတိုင်းပဲပေါ့။ ဒီလိုစွဲမြဲတဲ့ အကျင့်စရိုက်မျိုးကို ရပြီဆိုရင် ဖျောက်ဖျက်ပစ်ဖို့ မလွယ်တော့ဘူး။
ဒီနေရာမှာဆက်စပ်နေလို့ ပန်းပုဆရာကြီးတစ်ဦး ပြောပြတဲ့ စကားတစ်ခုကို ပြောရဦးမယ်။ သူက “ပန်းပုထုတဲ့အခါမှာ မလိုတာတွေကို ဖဲ့ဖဲ့ထုတ်ပစ်ရတယ်။ မလိုတာတွေကို ဖဲ့ထုတ်ပယ်ထုတ်ပစ်ပြီးတော့မှ လှပတဲ့ရုပ်လုံး ပေါ်လာနိုင်တာတဲ့။ ဒီနည်းတူတဲ့ လူဟာ ကိုယ့်ဘ၀ ကိုယ့်ခန္ဓာမှာ မလိုအပ်တဲ့ အရာတွေကို ဖဲ့ဖဲ့ထုတ်၊ ပယ်, ပယ်ထုတ်ပစ်ရတယ်တဲ့။
ကိုယ့်ဘ၀ကိုယ့်ခန္ဓာက ဖဲ့ထုတ်ပယ်ထုတ်ပစ်ရမှာက အကျင့်ဆိုး စရိုက်ဆိုး .. စတဲ့ အရာတွေပဲတဲ့၊ အကျင့်ဆိုး စရိုက်ဆိုး စတဲ့ မလိုလားအပ်တာတွေကို ဖဲ့ထုတ် ပယ်ထုတ်ပစ်မှ တလှ တပ ဘ၀မျိုး ဖြစ်လာနိုင်တာ” တဲ့။
တစ်ခါတုန်းက ဆရာကြီးတစ်ဦးက အကျင့်စရိုက်ဆိုးတွေ ရစပြုနေတဲ့ တပည့်တစ်ဦးကိုခေါ်ပြီး တောလမ်းကလေးအတိုင်းလျှောက်လာတယ်။ လျှောက်လာရင်းက အညွန့် အညှောက်ပေါက်စ သစ်ပင်ကလေးတစ်ပင်ကို တွေ့တော့ .. ဆရာကြီးက .. “တပည့် … ဟောဟိုက အပင်ကလေးကို နုတ်ကြည့်စမ်း” လို့ ခိုင်းတယ်။
တပည့်ကလဲ သွားပြီး အလွယ်ကလေးပဲ လက်ညှိုးနဲ့ လက်မကြားထဲညှပ်ပြီး ဆွဲနှုတ်လိုက်တယ်။
ဒါနဲ့ ဆက်လျှောက်လာခဲ့ကြပြန်တယ်။
မကြာခင် အတော်ကလေးအမြစ်ခိုင်ခိုင် တွယ်မိနေပြီဖြစ်တဲ့ သစ်ပင်ငယ်တစ်ပင်ကို တွေ့တယ်။ ဒီအခါမှာလဲ ဆရာကြီးက “တပည့်၊ ဟောဟိုက သစ်ပင်ကို နုတ်ပါဦး” လို့ ခိုင်းတယ်။ တပည့်က သွားပြီးနုတ်တယ်။ လက်နှစ်ဖက်နဲ့တော်တော်ကလေး အားစိုက်ပြီး နုတ်လိုက်တော့ သစ်ပင်ငယ်က အမြစ်ကျွတ်ပြီး ပါလာတယ်။
ဆရာတပည့်နှစ်ယောက် ဆက်ပြီးလျှောက်လာကြပြန်တယ်။ လျှောက်လာရင်းက တပည့်လူငယ်က “ဘာမှ အသုံးမချဘဲ ငါ့ကို သစ်ပင်နုတ်ခိုင်းနေတာ ငါ့ဆရာကြီး စိတ်တွေမှ မူမှန်သေးရဲ့လား” လို့ တွေးလာတယ်။
မကြာခင် လူတစ်ပိုက်တစ်ဖက်လောက် လုံးပတ်ရှိတဲ့ သစ်ပင်ကြီးတစ်ပင်ကို တွေ့ရတယ်။ ဒီအခါမှာလဲ ဆရာကြီးက “တပည့် ဟောဟိုက သစ်ပင်ကြီးကို နုတ်စမ်းပါ” လို့ ခိုင်းပြန်တယ်။ နုတ်လို့မရမှန်းသိပေမယ့် ဆရာက ခိုင်းနေတော့ တပည့်လူငယ်က လက်နှစ်ဖက်နဲ့ သစ်ပင်ကြီးကို ပိုက်ဖက်ပြီး တအားကုန်နုတ်တယ်။ ချွေးဒီးဒီးသာကျတယ်။ သစ်ပင်ကြီးကတော့ တုတ်တုတ်တောင် မလှုပ်ဘူး။
ဒီတော့မှ ဆရာကြီးက “တပည့် မင်းကို ဆရာက အကြောင်းမဲ့ သစ်ပင်တွေကို နုတ်ခိုင်းနေတာမဟုတ်ပါဘူး။ သစ်ပင်တွေကို သာဓကထားပြီး ပြောပြစရာရှိလို့ပါ။ အကျင့်စရိုက်ဆိုးတွေဆိုတာ နုစဉ်အချိန်၊ အကျင့်စရိုက်ဆိုးတွေ ကိုယ့်မှာဖြစ်လာစအချိန်မှာ (သစ်ပင်ကလေးဖြစ်စမှာ လွယ်လွယ်နဲ့ နုတ်ပယ်ပစ်လို့ ရသလို) နုတ်ပယ်ပစ်လို့ရတယ်၊ နုတ်ပယ် မပစ်ဘဲ ဆက်ပြီး အကျင့်ဆိုးတွေကို ကြီးပွားစေချင်ရင်တော့ အထုအထည်ကြီးလာပြီး (သစ်ပင်ကြီးဖြစ်လာတော့ နုတ်ပယ်လို့ မရတော့သလိုပဲ) နုတ်ပယ်လို့ မဖြစ်နိုင်တော့ဘူး။ ဒီအခါမှာ ဘ၀ဟာ ဆုံးရှုံးပျက်စီးသွားနိုင်တယ် ဆိုတာ ဆရာပြောချင်လို့ပါပဲ” လို့ ရှင်းပြတယ်။
ဟုတ်ပါတယ်။ ဧရာမအခိုင်အခံ တိုက်တာအဆောက်အအုံကြီးပေါ်မှာ ညောင်စေ့ကလေးကျလို့ ပေါက်လာတဲ့ ညောင်ပင်ကလေးကို စောစောနုတ်ပယ်မပစ်ဘဲ ကြီးထွားအောင်ထားရင် ကြာတဲ့အခါ အမြစ်တွေက အုတ်ကြားထဲတိုးဝင်ပြီး အဆောက်အအုံကြီးကို ဖြိုချပစ်နိုင်သလိုပဲ၊ အကျင့်စရိုက်ဆိုးတွေဟာ ကြာရင်ဘ၀တစ်ခုလုံးကို ဖြိုချဖျက်ဆီးပစ်နိုင်တာပဲ။ ဒါကို မြော်မြင်ပြီး အကျင့်စရိုက်ဆိုးတွေမ၀င်အောင်၊ ၀င်လာရင်လဲ နုစဉ်က နုတ်ပယ်နိုင်အောင် ကျွန်တော်တို့မှာ အစဉ်ပဲ သတိရှိနေဖို့ လိုတယ်လို့ ထင်ပါတယ်။
နန္ဒာသိန်းဇံ
Hunter Oldridge vahtang: á
nuwar: သိပ်ကောင်းတဲ့...အင်အားကိုဖြစ်စေတဲ့.ကဗျာလေးတစ်ပုဒ်ပါပဲ....သူငယ်ချင်းရေ..:)
မောင်ထင်: မောင်သက်ရေ ငါလည်း မင်းကို အရမ်းသတိရပါတယ်၊ မင်းတို့က အတွေ့အကြုံပိုင်းအရ မျက်စိပွင့်၊ နားပွင့်ပေါ့၊ ဒီမှာကတော့ လေ့လာချင်ပေမယ့် အဓိကကတော့ connection က ...
Mg Kyi: ကျွန်တော်လည်းကြိုက်တယ် ။ အမြဲဆောင်ထားတယ် :) ( ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း )
ှSi Thu Lwin (UCSM): သားကြီး...ခံယူချက်နဲ့ ရေးသားချက်လေး ကောင်းတယ်။ နိုင်ငံရဲ့ ဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး ရေးထားတာ ပိုကောင်းတယ်။